စိတ်ဓါတ်ရေးရာ


Nick Vujicic ရဲ့ စိတ်ချမ်းသာစေမဲ့ စကားများ


Nick Vujicic/ Nicholas James Vujicic(4 Dec 1982- Present ) ဟာ စိတ်အားမြှင့်တင်ရေး စကားပြောကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ မွေးကတည်းက ခြေလက် နှစ်စုံ ပါမလာခဲ့ပါဘူး။ သူ့အသက် ၁၇ နှစ်မှာ Life Without Limbs ဆိုတဲ့ အသင်းကို တည်ထောင်ပြီး မိန့်ခွန်းပြောဆိုခြင်းနဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို ထောက်ပံ့ကူညီရင်း ဇနီးဖြစ်သူ Patricia Maier နဲ့အတူ ဘ၀၇ဲ့ အဓိပ္ပာယ်ကို ရှာဖွေလျက်ရှိပါတယ်။ သူ့ရဲ့စကားတွေထဲမှ ကောင်းနိုးရာရာတွေကို ရွေးချယ်ဘာသာပြန်လိုက်ပါတယ်။


၁၊ မျက်ရည်ကျတဲ့အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့...အဲဒီအချိန်မှာ အဆိုးမြင်စကားပြောဆိုခြင်း နည်းနိုင်သမျှနည်းပါစေ။

၂။အခက်အခဲ ကိစ္စတစ်ခုကို အမြဲ တွေးတော ပူပန်မနေပါနဲ့...ခံစားချက်တိုင်းကို သင့် ဆီမှာ သောင်တင်မနေပါစေနဲ့...သင့်မှာ တိုင်ပင်စရာ သူငယ်ချင်းတွေ မိဘတွေရှိသေးတာကို သတိရပါ။

၃။ မှားမှာကို မကြောက်ပါနဲ့...တကယ်လို့ မှားခဲ့ရင်တောင် ဦးနှောက်ခြောက်မခံပါနဲ့၊ လူ့ဘ၀ဆိုတာ အမှားအမှန်ဒွန်တွဲနေတတ်ပါတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ်...နောက်ဆုံးပြန်စဉ်းစားကြည့်လိုက်တဲ့အခါ...ပြီးခဲ့တဲ့ အမှားတွေဟာ သိပ်တော့အရေးမကြီးလှတာကို ခံစားရပါလိမ့်မယ်။

၎။ အဆိုးမြင်ခြင်းဟာ လူတွေမှာ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအဆိုးမြင်တဲ့အရာ တွေဟာ ဘ၀ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တွေဆိုတာ နားလည်ဖို့လိုပါတယ်။ တကယ်တော့.. စိတ်ခံစားချက်ကို ဦးစားမပေးပဲ မျှတအောင် အကောင်းမြင်စိတ်လေးနဲ့ အစားထိုးပေးဖို့လိုပါတယ်။

၅။ တကယ်လို့ တစ်ယောက်ယောက်က သင့်ကို အဆက်အသွယ်လုပ်သည်ဖြစ်စေ...မလုပ်သည်ဖြစ်စေ .. စကားပြောပြော မပြောပြော ... ဒါဟာသာမန်ပါပဲ။ ရေးကြီးခွင်ကျယ် အကျယ်ချဲ့နေစရာ မလိုပါဘူး။ တွေးပြီး ၀မ်းနည်းမနေသင့်ပါဘူး။

၆။ တကယ်လို့ သင် တစ်ခုခုကို နားမလည်ရင်... မေးမြန်းပြောဆိုပါ၊ နားလည်ပြီဆိုရင်တော့ ရင်ထဲမှာပဲ သိမ်းထားပါ...သိလိုက်ရတဲ့ အတွက် ၀မ်းသာပါ။

၇။ ဦးနှောက်ခြောက်စရာ ကိစ္စတွေ အားလုံးက မိမိဘာသာရှာတာတွေ များပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာ ဖြေ၇ှင်းဖို့  ကြိုးစားပါ...သူငယ်ချင်းတွေကို ငိုယို စိတ်ပူပန်စေမဲ့ အစား ... သူတို့တွေနဲ့ အတူတူ ပျော်ပျော်နေပါ။

၈။ ပြောပြီးသား ကတိတည်ပါစေ။ စကားကို လွယ်လွယ်ပြောဆိုခြင်းက သင့်အပေါ်မှာ မိတ်ဆွေတွေ ယုံကြည်မှု နည်းပါးစေပါတယ်။

၉။ ဘယ်လိုအပြောင်းအလဲ အတားအဆီးရှိပါစေ... မူလသင်လုပ်နေကျ နေ့စဉ်ဘ၀ကို မဆုံးရှုံးပါစေနဲ့.. အချိန်မှန်စား... အချိန်မှန်အိပ်စက်ပါ။

၁၀။ ကိစ္စတစ်ခု လုပ်တဲ့အခါ မကြောက်မရွံ့ လုပ်ဆောင်ပါ။ ထိခိုက် နာကျင်မှာ မကြောက်ပါနဲ့။ မှားယွင်းပြောဆိုမိမှာကိုလဲ မကြောက်ပါနဲ့။ ပြီးခဲ့တဲ့ အရာတွေကိုလဲ ပြန်စဉ်းစား ပူပန်မနေပါနဲ့။ မရောက်သေးတဲ့ အနာဂတ်ကိုလဲ တွေးပူမနေပါနဲ့။

၁၁။ မှားသည်ဖြစ်စေ ... မှန်သည်ဖြစ်စေ၊ လမ်းကြောင်းဦးတည်ရာရှိပါစေ...ယုံကြည်မှုနဲ့ရှေ့တိုးဆောင်ရွက်ပါ။ လက်ရှိဘ၀ကို အမြဲသုံးသပ်ကြည့်ပြီး ရှင်သန်နေထိုင်ပါ။ ဘယ်လိုလူတွေနဲ့ တွေ့တွေ့ မုန်းတီးစရာ မလိုပါဘူး...အမှားအမှန်လူ့လောကမှာ အမှားကနေ သင်ခန်းစာယူပြီး အမှန်ကို ရှေ့တိုး ဆောင်ရွက်ပါ။

၁၂။ သင့်ကိုယ်သင် ညံ့ဖျင်းတယ်လို့ ထင်တာဟာ လိမ်လည်မှု တစ်ခုပါပဲ။ သင်ဟာ ဘာမှတန်ဖိုးမရှိဘူးလို့ ထင်ခြင်းကလဲ မှားယွင်းတဲ့ အတွေးတစ်ခုဖြစ်ပါတယ်။

၁၃။ ဘယ်အရာကိုမှ မကြောက်ပါနဲ့။ လောကမှာ ကြောက်စရာကောင်းတာတွေက များပါတယ်။ သင်ကြောက်နေလို့လဲ ကုန်ဆုံးမှာ မဟုတ်ပါဘူး။ အခက်အခဲ ကြုံလာရင် ဖြေရှင်းပါ...ဖြေရှင်းလို့မရနိုင်ရင်...စွန့်လွှတ်ရုံပါပဲ။ တွေးတော ကြောက်ရွံ့မနေပါနဲ့။

၁၄။ ဘယ်လောက် အားကိုးရတဲ့သူဖြစ်ပါစေ၊ စကားအားလုံးကို အကျိုးမရှိပဲ ထုတ်ဖော်မပြောဆိုသင့်ပါဘူး။

၁၅။ ဘာပြောရမှန်းမသိတဲ့အခါမှာလဲ ဘာမှ မပြောပါနဲ့...ဆိတ်ဆိတ်နေပါ။ပြောရင်းနဲ့ အမှားပါတတ်လို့ပါ။

၁၆။ရလဒ် အတွက် ပူပန်မနေပါနဲ့... အကောင်းဆုံးလုပ်ဆောင်ပါ။ ရလဒ်က အလိုလိုလိုက်ပါလာပါလိမ့်မယ်။

၁၇။နောင်တ မရပါစေနဲ့... နောင်တရခြင်းက အမှားလုပ်လိုက်တာထက် ပိုပြီးကြောက်စရာကောင်းပါတယ်။သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလဲ ပျက်ပြားစေပါတယ်။ မှားပြီးရင်းမှားတာတွေ ကြုံတွေ့ရတတ်ပါတယ်။

၁၈။ဘာကိစ္စပဲ ကြုံကြုံ...ကိုယ့်ကိုယ်ကို ဒါဖြစ်သင့်ပါတယ်လေ လို့ပြောပါ... ငါ့ကျမှ ဘာလို့ ဒုက္ခရောက်ရတာလဲလို့ မညည်းတွားပါနဲ့။ အခုသင်ခံစားနေရတဲ့အချိန်မှာ ကမ္ဘာကြီးရဲ့ တခြားနေရာမှာ အခက်အခဲဒုက္ခ ခံစားညည်းတွားနေတဲ့ သူတွေ အများကြီးပါပဲ။

၁၉။ဘ၀မှာ ခါးသီးခြင်းနှင့် ပိုမိုကောင်းမွန်တဲ့ အရာတွေကို  ရွေးချယ်ရမယ်ဆိုရင်... ခါးသီးခြင်းကို မေ့ပစ်ပြီး ပိုကောင်းတာရွေးပါ။

၂၀။ကိုယ်လက်အင်္ဂါချို့တဲ့နေပါစေ...မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ပါ။

 

စိတ်ညစ်ရင်...  အရှင်ဝိစိတ္တ(မနာပဒါယီ)
စိတ်ညစ်ရင်...

စိတ်ညစ်ရင်ဘာလုပ်လဲလို့ တစ်ယောက်ယောက်က ဘုန်းဘုန်းကို မေးလာမယ်ဆိုရင် ဘုန်းဘုန်းကတော့ “စိတ်ညစ်တဲ့အခါ တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ တစ်ယောက်တည်းနေပြီး မျက်လွှာလေးကို အသာချလို့ ကိုယ့်စိတ်ကို ကိုယ့်ခန္ဓာကိုယ် တစ်ခုလုံးကို ခြုံပြီးအာရုံပြုရင်း ပေါ့ပေါ့ပါးပါးလေးပဲ ဝင်လေထွက်လေလေးကို အခြေခံထားပြီး စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့အာရုံတွေကို အရှိအတိုင်း လိုက်သိနေတတ်တဲ့ အကျင့်လေးနဲ့ နေနိုင်အောင် ကြိုးစားတယ်”လို့ ပြန်ဖြေဖြစ်မှာပါ။ အရင်တုန်းကတော့ စိတ်ညစ်ရင် တစ်ခြားအာရုံတစ်ခုခုနဲ့ ပြောင်းပြီးစိတ်ညစ် ဖျောက်တတ်ပေမယ့် အခုအချိန်မှာတော့ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံးနည်းဖြစ်တဲ့ ဘုရားရှင်ရဲ့အားတွေကိုပဲယူပြီး ညစ်တဲ့စိတ်ကို သစ်အောင်လုပ်ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ စိတ်ညစ်ဖျောက်နည်းတွေ အမျိုးအမျိုးရှိတဲ့အနက် တစ်ချို့ကတော့ စိတ်ညစ်ရင် အိပ်ပြစ်ရင်လည်း အိပ်ကြလိမ့်မယ်၊ တစ်ချို့ကတော့ စိတ်ညစ်ရင် အရက်သောက်ဖြစ်ရင်လည်း သောက်ကြလိမ့်မယ်၊ တစ်ချို့လည်း ဟိုလုပ်ဒီလုပ် ဟိုသွားဒီသွား လုပ်ရင်လုပ်ကြလိမ့်မယ်။ ဘယ်လိုပဲ လုပ်လုပ် စိတ်ညစ်လို့ အဲဒီစိတ်ကို အိပ်တာ၊ သောက်တာ၊ စားတာ၊ သွားတာလာတာတွေနဲ့ ဖြေကြခြင်းဟာ ခဏလောက်ပဲ ညစ်နေတဲ့စိတ်ကို မေ့မေ့ပျောက်ပျောက် ဖြစ်စေကြတာဖြစ်လို့ ဒီနည်းတွေဟာ အကောင်းဆုံးနည်း မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ အကောင်းဆုံးနည်းကတော့ စိတ်ညစ်ရင် စိတ်အညစ်အကြေးတွေ ကင်းပြီးဖြစ်တဲ့ ဘုရားရှင်ရဲ့ အားတွေနဲ့ ညစ်တာကို သစ်အောင်လုပ်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

တကယ်တော့ စိတ်ညစ်တယ်ဆိုတာ စိတ်မှာအညစ်အကြေး ဖြစ်သွားတာပဲ ဖြစ်ပါတယ်။ စိတ်ရဲ့ သဘောက ကြံစည်တွေးတောခြင်း သဘောရှိပြီး အာရုံနောက်ကို လိုက်သွားတတ်တဲ့ သဘောရှိပါတယ်။ အဲဒီလို သဘောရှိတဲ့စိတ်ဟာ လိုက်သွားတဲ့အာရုံကို အမှီပြုပြီး ကောင်းတဲ့စိတ်၊ မကောင်းတဲ့စိတ်တွေ ဖြစ်ပေါ်သွားခြင်း ဖြစ်ပါတယ်။ အမှီပြုရတဲ့အာရုံဟာ ကောင်းတဲ့အာရုံဆိုရင် စိတ်ဟာကောင်းတဲ့စိတ် ဖြစ်တတ်ပြီး အမှီပြုရတဲ့ အာရုံဟာ မကောင်းတဲ့အာရုံဆိုရင် စိတ်ဟာလည်း မကောင်းတဲ့စိတ် ဖြစ်သွားတတ်ပါတယ်။ ဆိုတော့ကား ဒီစိတ်ကို ကောင်းတဲ့အာရုံ မကောင်းတဲ့အာရုံမှာ ဖြစ်စေဖို့ ထောက်ပံ့ပေးနေတာက ဘာတွေလဲဆိုတော့ စေတသိက်တရားတွေပဲ ဖြစ်ပါတယ်။ စေတသိက်ဆိုတာ အာရုံကို စေ့ဆော်ပေးတဲ့တရား၊ ထောက်ပံ့ပေးတဲ့ တရားတွေပဲ ဖြစ်ပါတယ်။ စေတသိက်ဆိုတော့ ဘာမှန်းမသိဘဲ ဖြစ်နေတတ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ၊ မာန၊ ဒိဋ္ဌိစတဲ့ တရားတွေကို စာသံပေသံနဲ့ စေတသိက်လို့ ပြောတာဖြစ်ပါတယ်။ ဒီစေတသိက်တရားက စိတ်ကိုစေ့ဆော် ထောက်ပံ့ပေးလိုက်တဲ့အတွက် စိတ်မှာလည်း ကောင်းစိတ်၊ မကောင်းစိတ်တွေ ဖြစ်သွားတဲ့သဘောပဲ ဖြစ်ပါတယ်။ အလွယ်ပြောရင်တော့ စိတ်ညစ်တယ်ဆိုတာ စိတ်ကိုညစ်နွမ်းစေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာ တရားတွေကြောင့်ပဲ ဖြစ်ပါတယ်။


ကိလေသာဆိုတဲ့ စကားရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပူလောင်ခြင်း၊ ညစ်နွမ်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီကိလေသာ တရားတွေ ကိုယ့်သန္တာန်မှာ အဖြစ်များနေပြီ၊ အလွန်အကျွံဖြစ်နေပြီဆိုရင် ကိုယ့်စိတ်မှာ ပူလောင်နေတော့တာ ဖြစ်ပါတယ်။ ကိလေသာအပူ အလောင်ခံနေရတဲ့စိတ်ဟာ သန့်ရှင်းမှုမရှိဘဲ ညစ်နွမ်းနေကာ ရုပ်ကိုပါ ဖောက်ပြန်စေတော့တာ ဖြစ်ပါတယ်။ ဒီသဘောကို ကိုယ်ကိုယ်တိုင်လည်း လက်တွေ့သိနိုင်မှာ ဖြစ်ပါတယ်။ လောဘများများဖြစ်တဲ့အခါ၊ ဒေါသများများဖြစ်တဲ့အခါ၊ မောဟများများဖြစ်တဲ့အခါ၊ မာနများများ ဖြစ်တဲ့အခါ ကိုယ့်သန္တာန်မှာ ပုံမှန်နဲ့ကို မတူတဲ့ ပူလောင်မှုတွေ ဖြစ်နေပြီး အဲဒီအပူတွေကြောင့်ပဲ စိတ်ဟာလည်း လေးလံထိုင်းမှိုင်းကာ ညစ်နွမ်းလာနေတယ်ဆိုတာ သတိပြုမိရင် သိကြမှာ ဖြစ်ပါတယ်။ ဒါဟာ ကိလေသာ အပူမီးလောင်ခံရတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီတော့ကား စိတ်ညစ်တဲ့သူတွေ သတိပြုရမှာက ကိုယ့်စိတ်တွေ များများညစ်နေလေ၊ ကိုယ့်သန္တာန်မှာ ကိလေသာ အပူမီးတွေ များများလောင်ခံနေရလေ ဖြစ်နေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အဲဒီတော့ ဒီမီးတွေ ဘာဖြစ်လို့ အလောင်ခံရတာလဲဆိုရင် ခုနပြောခဲ့သလို အာရုံတွေနောက်ကို အလွယ်လိုက်တတ်တဲ့ ကိုယ့်စိတ်ကို သတိမပြု၊ မထိန်းချုပ်မိဘဲ ရောက်လာသမျှ အာရုံတွေကို လက်ခံလိုက်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ရောက်လာတဲ့ အာရုံတွေကို လက်ခံလိုက်တဲ့ ကိုယ့်စိတ်ဟာ ကောင်းတဲ့အာရုံတွေကို လက်ခံမိလိုက်ရင် စိတ်ညစ်တယ်ဆိုတဲ့ စကား၊ စိတ်ညစ်တယ်ဆိုတဲ့ ခံစားမှုမျိုး ဖြစ်စရာ အကြောင်းမရှိပေမယ့် မကောင်းတဲ့အာရုံတွေကို လက်ခံမိလိုက်ကြမယ်ဆိုရင်တော့ ဒီလိုစိတ်ညစ်တာ၊ စိတ်တိုတာ၊ စိတ်ဆိုးတာ စတဲ့ခံစားမှုမျိုးတွေလည်း အဆက်မပြတ် ဖြစ်လာကြတော့တာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာအပူမီးတွေ နှိပ်စက်ခံရတဲ့အခါ စိတ်မှာလည်း သန့်ရှင်းမှုမရှိတော့ဘူးဆိုတာ အလွယ်တကူ သိနိုင်ကြပါတယ်။ မတရားလိုချင်တဲ့စိတ်၊ စိတ်ဆိုးစိတ်တို ဒေါသဖြစ်တဲ့စိတ်၊ အမှန်အမှားကို မခွဲခြားနိုင်တဲ့စိတ်၊ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူတပါးအပေါ် နှိမ့်ချလိုတဲ့စိတ်၊ မနာလိုတဲ့စိတ်၊ စိုးရိမ်ပူပန်တဲ့စိတ် စသဖြင့် စိတ်တွေအမျိုးမျိုး ဖြစ်နေကြတာဟာ ဒီစိတ်ကို ဒီလိုမျိုးဖြစ်အောင် ပူလောင်စေ၊ ညစ်နွမ်းစေတဲ့ ကိလေသာတရားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိလေသာရဲ့ ဖမ်းစားတာကို ကိုယ်ကသတိနဲ့ မထိန်းနိုင်ဘဲ သူ့အလိုအတိုင်း လိုက်မိလိုက်တဲ့အတွက် ကိုယ့်သန္တာန်မှာ အဲဒီလို မကောင်းတဲ့စိတ်တွေ ဖြစ်လာပြီး ပင်ကိုယ်က အပြစ်ကင်းနေတဲ့စိတ်ဟာ ဒီကိလေသာ အပူမီးတွေကြောင့် ညစ်နွမ်းတဲ့အဆင့်အထိကို ရောက်ကုန်တော့တာ ဖြစ်ပါတယ်။ အဲဒါကိုပဲ စကားနဲ့ပြောတော့ စိတ်ညစ်တယ်ဆိုတဲ့ အသုံးတွေနဲ့ ပြောဆိုသုံးစွဲကြခြင်း ဖြစ်ပါတယ်။ အရင်းစစ်တော့ စိတ်ညစ်တာတွေဟာ ကိလေသာတွေကြောင့်ပဲ ဆိုတဲ့အချက်ကို သိရမှာ ဖြစ်ပါတယ်။

ဆိုတော့ကား ကိလေသာတရားတွေကြောင့် စိတ်တွေညစ်လာရင် ကိလေသာကင်းတဲ့ ပုဂ္ဂိုလ်တွေ၊ ကိလေသာကင်းစေတဲ့ အဆုံးအမတွေနဲ့ အားယူပြီး ညစ်တာကို သစ်အောင်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုအားတွေယူဖို့ဆိုတော့ ကိလေသာအကင်းဆုံးနဲ့ အားအရှိဆုံးဖြစ်တဲ့ မြတ်စွာဘုရားရှင်ရဲ့ အားကိုယူတာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့အား၊ ဘုရားရှင်ရဲ့ တရား၊ ဘုရားရှင်ရဲ့ လမ်းညွှန်မှုနဲ့ ကိလေသာတွေကို ပါးစေပြီး စိတ်ညစ်တာတွေကိုဖျောက်ကာ ကိုယ့်စိတ်ကို သန့်ရှင်းစေတာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဘုရားရှင်က စိတ်မှာအညစ်အကြေးဖြစ်ရင် စိတ်နဲ့ဆေးမှပဲ သန့်ရှင်းစေနိုင်တယ် ဆိုတာကို အကြောင်း တိုက်ဆိုင်တိုင်း မိန့်တော်မူလေ့ရှိပါတယ်။ ကိလေသာ အပူမီးတွေကြောင့် စိတ်တွေညစ်နွမ်း နေတဲ့အခါ အဲဒီစိတ်ကို သိအောင်ကြိုးစားပြီး သတိနဲ့နေဖို့ လမ်းညွှန်ပေးလေ့ ရှိပါတယ်။ စိတ်ညစ်တယ်ဆိုတာ စိတ်ကိုညစ်စေတဲ့ ကိလေသာ တရားတွေကြောင့်ပဲ ဖြစ်တဲ့အတွက် စိတ်မှာဘယ်လိုမျိုးပဲ ဖြစ်ဖြစ်သိဖို့၊ ရာဂစိတ်ဖြစ်ရင်လည်း ရာဂစိတ်ဖြစ်တာကို သိဖို့၊ ရာဂကင်းတဲ့စိတ်ဖြစ်ရင်လည်း ရာဂကင်းတဲ့စိတ်ဖြစ်တာကို သိဖို့၊ ဒေါသစိတ်ဖြစ်ရင်လည်း ဒေါသစိတ်ဖြစ်တာကို သိဖို့၊ မောဟစိတ်ဖြစ်ရင်လည်း မောဟစိတ်ဖြစ်တာကို သိဖို့ စသဖြင့် ဘာပဲဖြစ်ဖြစ် သိနေအောင် ကြိုးစားဖို့ ရှင်တော်ဘုရား ဟောကြားတော်မူပါတယ်။ အရှင်ဆုံးပြောရရင် ဘုရားရှင်က ဘာပဲဖြစ်ဖြစ် အသိရှိကြဖို့နဲ့ သတိမမေ့ကြဖို့ပဲ ဆုံးမတော်မူတာ ဖြစ်ပါတယ်။


ဗုဒ္ဓဘုရားက ဘာဖြစ်လို့ ဒီလိုဆုံးမရတာလဲဆိုတော့ သတ္တဝါတွေ ဒုက္ခအမျိုးမျိုး ဖြစ်တယ်ဆိုတာ မသိရာကနေပဲ ဖြစ်နေကြတာ ဖြစ်တဲ့အတွက် အဲဒီမသိမှုကို သိစေချင်တဲ့ သဘောကြောင့် ဒီလိုဆုံးမရခြင်း ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ စိတ်ရဲ့သဘောက သူဘာဖြစ်တယ်ဆိုတာ မသိရင် အဲဒီမသိတာကနေ စွဲနေစေတော့တာ ဖြစ်ပါတယ်။ ဘာစိတ်ဖြစ်တာ၊ ညာစိတ်ဖြစ်တာကို မသိလိုက်ဘူးဆိုရင် အဲဒီမသိမှုက အဆိုင်အခဲဖြစ်ပြီး ပူလောင်စေတော့တာ ဖြစ်ပါတယ်။ တကယ်လို့များ ကိုယ့်စိတ်မှာ ဘာဖြစ်တယ်ဆိုတာ သိလိုက်မယ်ဆိုရင်တော့ ဒီစိတ်ဟာ ရှေ့ကိုဆက်မသွားတော့ပါဘူး။ သိလိုက်တဲ့အခိုက်မှာ ရပ်တန့်သွားပြီး နောက်နောက်စိတ်တွေ ထပ်ထပ်ဖြစ်လာတော့တာ ဖြစ်ပါတယ်။ ဆိုကြပါစို့။ ကိုယ့်စိတ်မှာ ရာဂစိတ်တယ်ဆိုတာ သိလိုက်တယ်ဆိုရင် အဲဒီရာဂစိတ်ဟာ ပျောက်သွားပြီး နောက်သိစိတ် ရောက်လာကာ အဲဒီသိစိတ်ကိုလည်း နောက်စိတ်က သိလိုက်မယ်ဆိုရင် ရှေ့စိတ်လည်း ပျောက်သွားတော့တာ ဖြစ်ပါတယ်။ စိတ်ဟာ တစ်သတ်မှတ်တည်း ထိန်းချုပ်ထားလို့ ရတဲ့အရာမဟုတ်တော့ ဖြစ်ပြီးပျောက်ပျောက်သွားတတ်တဲ့ ရှေ့စိတ်နောက်စိတ် ပြောင်းလဲတဲ့ အခိုက်လေးတွေကိုပဲ ကြားမှာကိလေသာ မခိုအောင် သိနေဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို သိသိနေလို့ ကိလသာ ကြားမခိုတော့ဘူးဆိုရင် ဒါဟာ စိတ်အညစ်အကြေး ကင်းနေတာပဲ ဖြစ်ပါတယ်။ စိတ်မှာအညစ်အကြေးကင်းရင် စိတ်ကသန့်ရှင်းနေပြီး စိတ်ညစ်တာတွေလည်း ပျောက်သွားတော့တာ ဖြစ်ပါတယ်။

အရင်းစစ်တော့ စိတ်ညစ်တယ်ဆိုတာ ကိလေသာ တရားတွေကြောင့်ပဲဖြစ်ပြီး အဲဒီကိလေသာ ကြားခိုနေတဲ့စိတ်ကို သိလိုက်လို့ ပျောက်သွားတယ်ဆိုရင် ဒါဟာ စိတ်ညစ်တာတွေလည်း ပျောက်သွားတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကြပ်ကြပ်ညစ်လေ ကိလေသာအပူတွေ များများဖြစ်လာလို့ပဲ ဆိုတာ သိလေဖြစ်အောင် ကြိုးစားပြီး အဲဒီကိလေသာ အညစ်အကြေးတွေကို သန့်စင်သွားအောင် သတိကပ်ပြီး သိမှတ်ပေးတဲ့ သတိပဋ္ဌာန်အလုပ်ကို ကြိုးစားအားထုတ်ကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက ကိလေသာတရားတွေရဲ့ ပူလောင်မှုကြောင့် စိတ်မှာညစ်နွမ်းပြီး စိတ်တွေညစ်လာတယ်ဆိုရင် အဲဒီကိလေသာတွေကို တိုက်ထုတ်ပစ်နိုင်တဲ့ ဘုရားရှင်ရဲ့ အားတော်တွေနဲ့ လမ်းညွှန်ချက်တွေကိုယူပြီး ကိုယ့်စိတ်ကို ဘုရားရှိခိုးတာ၊ မေတ္တာပို့တာ၊ ပရိတ်ပဋ္ဌာန်းရွတ်တာ စတဲ့ သမထအကျင့် တစ်ခုခု၊ ဒါမှမဟုတ် စိတ်မှာပဲဖြစ်ဖြစ်၊ ရုပ်မှာပဲဖြစ်ဖြစ် ပေါ်လာသမျှ အာရုံတွေကို သတိကပ်ပြီး သိမှတ်ပေးတဲ့ ဝိပဿနာအကျင့် တစ်ခုခုမှာ အားထုတ်နိုင်အောင် ကြိုးစားလေ့ကျင့်ကြဖို့လိုကြောင်း၊ စိတ်များများညစ်လေ ဘုရားရှေ့ကို များများရောက်အောင် သွားနိုင်လေဖြစ်အောင် ကိုယ့်ကိုယ်ကို ဆုံးမပြီး စိတ်အညစ်အကြေးကို စိတ်နဲ့ ဆေးနိုင်ဖို့လိုကြောင်း အဲဒီလို စိတ်မှာဖြစ်တဲ့ ကိလေသာအညစ် အကြေးတွေကို သတိတရား လက်ကိုင်ထားပြီး အကျင့်တရားနဲ့ ပယ်ရှားနိုင်မယ်ဆိုရင် ညစ်နေတဲ့စိတ်တွေဟာ သစ်လာကြမှာ ဖြစ်ပါကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။


ဒါကြောင့် ဘာကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘာဖြစ်လို့ ညာဖြစ်လို့ စတာတွေကြောင့် စိတ်တွေညစ်ပြီး ရုပ်ပါညစ်လာတတ်တဲ့ သူတွေအနေနဲ့ စိတ်ညစ်တယ်ဆိုတာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်မှမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်စိတ်မှာလက်ခံလိုက်တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ကိလေသာ တရားတွေကြောင့် ညစ်လာနေတာ ဖြစ်တဲ့အတွက် ဒီကိလေသာတရားတွေကို ပြန်လည်တိုက်ထုတ်နိုင်အောင် ကိလေသာကင်းတော်မူတဲ့ ဘုရားရှင်ရဲ့အားနဲ့ ဘုရားရှင်ရဲ့ တရားတော်တွေကိုသာ လက်ခံလိုက်နာပြီး ဘာပဲဖြစ်ဖြစ် သိစေနိုင်တဲ့ သမထအကျင့်၊ ဝိပဿနာအကျင့်များကိုသာ များများအားထုတ်ကာ ညစ်နေတဲ့စိတ်ကို သစ်အောင်သာ ကြိုးစားကြပါလို့ တိုက်တွန်းရင်း စိတ်များများညစ်လေ ဘုရားရှေ့ကို များများရောက်အောင် ကြိုးစားစေဖို့ စေတနာထား မေတ္တာအားဖြင့် အသိပေးစကား ပါးလိုက်ရပါတယ်။

အရှင်ဝိစိတ္တ(မနာပဒါယီ) (စိတ်ညစ်ရင်...) by Vicitta Ashin (အရှင်ဝိစိတ္တ(မနာပဒါယီ))

လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့သွားရာလှေခါး(၃၀)ထစ် by http://ranonghtarnischool.blogspot.com
လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့သွားရာလှေခါး(၃၀)ထစ်
by ရနောင်းဌာနီ ဘ၀မြှင့်တင်ရေးကျောင်း

၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။

၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည်သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်ရ်ျပြောပါ။

၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည် ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။သင့်အပြုအမူဆောင်ရွက်ချက်မှလွဲ၍သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ကိုယ့်အကျိုးသာကြည့်ပြီးသူတစ်ပါးအကျိုးမကြည့်သောသူများအားမိတ်ဆွေအဖြစ်မပြုသင့်။
၂၇။အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။
၂၈။သြဇာအားဏာရှိသူသော်ငြားလည်းယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။

မအောင်မြင်ခြင်းအကြောင်းအရင်း(၄၅)ချက်....
၁။ တိကျသော ရည်ရွယ်ချက် မရှိခြင်း၂။မျိုးရိုးလိုက်ပြီး မွေးရာပါ ကိုယ်အင်္ဂါများမတင့်တယ်မဖွယ်မရာရှိခြင်း။၃။ အခြားသူများ၏အရေးအခင်းများတွင်ဝင်ရောက်စွက်ဖက်တတ်သောထူးဆန်းသည့်အကျင့်ရှိခြင်း။၎။မိမိအလုပ်အကိုင်နှင့် ပက်သက်ပြီး လုံလောက်သော ပြင်ဆင်မှူ့ မရှိခြင်း။၅။ကိုယ်တိုင်စည်းကမ်းသေ၀ပ်မှူ့ မရှိခြင်း။၆။ မိမိ၏ တိုးတက်ရေးနှင့် အခွင့်အလမ်းများအပေါ် အရေးမစိုက်ခြင်း၊ စိတ် ၀င်စားမှူ့ မထားခြင်း ။၇။ အလယ် အလတ် တန်းစား အဆင့်ထက် ကျော်လွန်၍ ရောက်ရှိရန် မှန်းဆသော ကြီးမြင့်စိတ်မရှိခြင်း။၈။ကျန်းမာရေးကိုအလေးမထား၊ဂရုမစိုက်ခြင်း။၉။ငယ်စဉ်ဘ၀ကပတ်ဝန်းကျင်၏မကောင်းမှူ့
အရှိန်အ၀ါများရိုက်ခတ်မှူ့ဒဏ်ခံခဲ့ရခြင်း။၁၀။စတင်ထားသောအလုပ်ကိစ္စကိုပြီးဆုံးသည်အထိလုပ်ကိုင်နိုင်သောဇွဲမရှိခြင်း။
၁၁။အဖျက်စိတ်ထားများလက်ခံကျင့်သုံးနေခြင်း။၁၂။စိတ်ထိခိုက်လှူပ်ရှားမှူ့များအပေါ်ထိမ်းချုပ်ကွပ်ကဲမှူ့မပြုနိုင်ခြင်း။
၁၃။မိမိကဘာမျှမပေးပဲနှင့်သူတပါးထံမှရယူလိုသောဆန္ဒထားရှိခြင်း။၁၄။ဆုံးဖြတ်နိုင်စွမ်းမရှိခြင်းနှင့်အရာရာကိုတိကျမှူ့မရှိခြင်း။
၁၅။တစ်စုံတစ်ခုကိုဖြစ်စေ၊ထို့ထက်များများကိုဖြစ်စေမလုပ်ရဲမကိုင်ရဲဘဲအမြဲကြောက်ရွံ့စိတ်ရှိနေခြင်း။၇မျိုး၇ှိသည်။
(က)ဆင်းရဲပင်ပမ်းမည်ကိုကြောက်ရွံ့ခြင်း။(ခ)ဝေဖန်ပြစ်တင်ခံရမည်ကိုကြောက်ရွံ့ခြင်း(ဂ)မကျန်းမမာဖြစ်မည်ကိုကြောက်ရွံ့ခြင်း။
(ဃ)ချစ်ခင်မှူ့များပျက်ပြားမည်၊ချစ်ခင်သူများဆုံးရှုံးမည်းကိုကြောက်ရွံ့ခြင်း။(င)အသက်ကြီးရင့်အိုမင်းမည်ကိုကြောက်ရွံ့ခြင်း။
(စ)လွတ်လပ်ခွင့်ဆုံးရှုံးမည်ကိုကြောက်ရွံ့ခြင်း။(ဆ)သေရမည်ကိုကိုကြောက်ရွံ့ခြင်းတို့ဖြစ်သည်။
၁၆။အိမ်ထောင်ပြုရာတွင်အိမ်ထောင်ဖက်အရွေးမှားခြင်း။၁၇။ အလုပ်အကိုင်၊ အရောင်းအ၀ယ်ပြုလုပ်ရာတွင် ပေါင်းသင်း ဆက်ဆံသူ အရွေးမှားခြင်း။၁၈။ မတော် တဆ ဖြစ်မလားဟု တွေးတော စိုးရိမ်မှူ့ လွန်ကဲခြင်း။၁၉။ အလုပ် အကိုင်၊ အသက်မွေး ၀မ်းကျောင်းပြု မှူ့ အရွေးမှားခြင်း။၂၀။ မိမိ၏ အချိန်နှင့် အားများ ဆုတ်ယုတ်ပျက်ပြားမှူ့ ဖြစ်စေခြင်း၊ စိတ်အာရုံ စူးစိုက် ထိမ်းချုပ်ရန် အားမထုတ်ခြင်း။၂၁။ ၀င်ငွေနှင့် ထွက်ငွေကို စာရင်းဇယား စီမံချက် မထားခြင်း၊ မဆင်မခြင် မထိမ်းချုပ်ပဲ သုံးစွဲခြင်း။၂၂။ မိမိကိုယ်ပိုင် အချိန်ကို စာရင်းဇယားဆွဲ၍ မှန်ကန် အကျိုးရှိစွာ မသုံးတတ်ခြင်း။၂၃။ စိတ်ဝင်စားမှူ့၊စိတ်အားထက်သန်မှူ့တို့အပေါ် ထိမ်းချုပ်ကွပ်ကဲမှူ့ မပြုခြင်း။၂၄။ စိတ်ရှည် သီးခံနိုင်စွမ်း မရှိခြင်း။၂၅။ လူအများနှင့် ဆက်ဆံရာတွင် မျှတ မှန်ကန်မှူ့ မရှိခြင်း၊ သဟ ဇာတ စိတ်နှင့် မပူးပေါင်းခြင်း။၂၆။ ရသင့် ရထိုက်သည်ကို အခြေမခံ အကြောင်းမပြု ၊ ထိုက်သင့်သော ကြိုးပမ်းမှူ့ မပါပဲ တန်ခိုး၊ အာဏာ၊ ကြွယ်ဝမှူ့များ လိုချင်တပ်မက်မောလွန်းခြင်း။ ( တန်ရာတန်ရာ မမှန်းပဲ အချောင်လိုချင်လွန်း၊ လောဘကြီးလွန်းခြင်း)၂၇။ သစ္စာ မရှိ၊ သစ္စာတရား မဲ့ခြင်း။၂၈။ မာနကြီး ဘ၀င်မြင့်ခြင်း ၊ ၀ါကြွားအထင်ကြီးခြင်းများကို ထိမ်းချုပ် ကွပ်ကဲမှူ့ မပြုနိုင်ခြင်း။၂၉။ တစ်ကိုယ်ကောင်း ဆန်လွန်း၊ တစ်ကိုယ်ကောင်း စိတ်ကြီးခြင်း။၃၀။ မိမိသိပြီးသား အမှန်တရားအပေါ် အခြေမခံပဲ၊ ၀င်ရောက်စပ်စု အကြံပေးခြင်း။( မိမိ အမှန်တကယ် မသိသော ကိစ္စများကို ၀င်ရောက် စပ်စု အကြံပေးခြင်း)၃၁။ ဖြစ်နိုင်ရာ ဖြစ်တန်ရာကို မကြံစည် မကြည့်မြင်တတ်ခြင်း။၃၂။ အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ ရှိသူများနှင့် ကြီးမြင့်စိတ် မဖွဲ့ခြင်း၊ ပူးပေါင်းလုပ်ကိုင်ရန် ပျက်ကွက်ခြင်း။ (အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ ရှိသူများကို အားကျစိတ်၊ အတူပူးပါင်းလုပ်ကိုင် လိုစိတ် မရှိခြင်း၊ မပူးပေါင်းခြင်း)၃၃။ အနန္တ ဥာဏ်ပညာရှင် ရှိသည်ကို အသိအမှတ် မပြု၊ ဥာဏ်တော် ရှင်၏ အင်အာကို မိမိနှင့် သင့်လျော်အောင် ရယူသုံးစွဲခြင်း မပြုခြင်း။ (ပညာရှိကို မမှီဝဲ မဆည်းကပ်ခြင်း)၃၄။ ညစ်ညမ်း-ရိုင်းစိုင်း-ဆိုးသွမ်းသောစကားများပြောဆိုခြင်း။၃၅။စဉ်းစားဆင်ခြင်မှူ့မပြုပဲစကားပြောဆိုခြင်း၊စကားများလွန်းခြင်း။၃၆။
သူတပါးပိုင်ပစ္စည်းများတပ်မက်မောခြင်း။၃၇။အချိန်ဆွဲခြင်း၊ဖင့်နွှဲလေးကန်မှူ့အကျင့်ရှိခြင်း။
၃၈။အကြောင်းတစ်စုံတစ်ရာမရှိဘဲသူတပါးမကောင်းသတင်းမမှန်မကန်လုပ်ကြံပြောဆိုခြင်း။
၃၉။စိတ်တန်ခိုးအင်အားများနှင့်စိတ်၏သဘောသဘာဝများကိုနားမလည်ခြင်း၊မလုပ်ဆောင်တတ်ခြင်း။
၄၀။တိကျသောရည်ရွယ်ချက်မရှိ၍ကိုယ်တိုင်ဦးဆောင်တီထွင်လုပ်ကိုင်မှူ့မပြုတတ်ခြင်း။
၄၁။တိကျသောရည်ရွယ်ချက်မရှိ၍မိမိကိုယ်ကိုအားထားယုံကြည်စိတ်မရှိခြင်း။
၄၂။နှစ်လိုဖွယ်ရာ၊ခင်မင်ဖွယ်ရာ၊ကြည်ညိုဖွယ်ရာရုပ်အဆင်းအင်္ဂါမရှိခြင်း။၄၃။လာလတ္တံ့သောအချိန်ကာလအပေါ်
မိမိအပေါက်းအသင်း၊မိမိလူမျိုး၊မိမိကိုးကွယ်ရာဘုရားအပေါ်ယုံကြည်မှူ့မရှိခြင်း။၄၄။ထိမ်းချုပ်ကွပ်ကဲမှူ့မပါပဲကြံစည်ခြင်း၊
မိမိစိတ်တန်ခိုးအင်အားကိုတိုးတက်အောင်မပြုလုပ်ခြင်း။အဆင်ပြေရာများကိုမှတ်သား၊ရှောင်ရှား၊သတိပြုနိုင်ကြပါစေ။